ပဲခူးတိုင်း(အနောက်ပိုင်း) ကြို့ပင်ကောက်မြို့၏
အရှေ့(၁၂)မိုင်အကွာတွင် တည်ရှိသော ရန်အောင်မြင်စေတီတော်မြတ်ကြီးမှာ
ကောဇာသက္ကရာဇ် ( ၅၉၉ )ခုနှစ်တွင် ပုဂံမင်းဆက် ကျစွာမင်းကြီးကိုယ်တိုင်
ဦးစီး၍ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီးစေတီတော်မြတ် တစ်ဆူဖြစ်ပါသည်။
ရန်အောင်မြင်စေတီတော်မြတ်ကြီးကို ပင်လယ်ရေမျက်နှာပြင်၏
အထက်အမြင့် ( ၂၅၀ )ပေကျော်တွင် တည်ထားတော်မူပြီး ဥာဏ်တော်အမြင့်မှာ ( ၁၂၉
)ပေရှိ၍ ပတ်ဝန်းကျင်မှလှမ်း၍ ဖူးမြှော်ပါလျှင် လွန်စွာမှဖြင့်
သပ္ပာယ်ကြည်ညိုဖွယ်ရာဖြင့် ဖူးမြော်၍မ၀နိုင်အောင် ရှိလှပါသည်။
ရန်အောင်မြင်စေတီတော်မှာ အနှစ်သုံးရာ ကျော်လာသည့်အခါ
ဟောင်းနွမ်း ၊ ယိုယွင်းလာခဲ့သဖြင့် အင်းဝမင်းဆက် သတိုးအနော်ရထာမင်း (
သုံးမြို့ရှင် )မှ ကောဇာသက္ကရာဇ် ( ၈၉၅ )ခုနှစ်တွင် ထပ်မံ၍ အသစ်တစ်ဖန်
ပြုပြင်မွန်းမံခဲ့ပါသည်။
စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ( ၁၂၆၄ )ခုနှစ်တွင်
တတိယအကြိမ်မြောက် မွန်းမံပြင်ဆင်နိုင်ရန် အကြောင်းတရားများက ထပ်မံ၍
ပေါ်ပေါက်လာပြန်ပါလေသည်။
အကြောင်းပေါ်လာသည်မှာ ( ၁၂၆၂ )ခုနှစ်တွင် သူသတ်ကုန်းရွာမှ
ဦးနာဂ အမည်ရှိသော မထေရ်မြတ်တစ်ပါးသည် စေတီတော်ကြီးအနီးတွင် တောရမှီ၍
တရားအားထုတ်တော်မူနေစဉ် အခါကဖြစ်ပါသည်။ တစ်နေ့သောအခါ မထေရ်မြတ်
သီတင်းသုံးတော်မူရာ ကမ္မဌာန်းကျောင်းသို့ တောင်စောင့်ဘီလူးမှ ကိုယ်ထင်ပြ၍
ရောက်လာပြီးနောက် လျှောက်ထားသည်မှာ ........
" အရှင်မြတ်ဘုရား ၊ ကျစွာမင်းကြီး တည်ထားတော်မူသည့် ရန်အောင်မြင်စေတီတော်မြတ်ကြီးကို
ပြန်လည်ပြီး ပြုပြင် မွန်းမံတော်မူပါ။ မပြုပြင်ပါက တစ်နယ်လုံးရှိ လူအများမှာ ဘေးဒုက္ခများဖြင့်
ကြုံတွေ့ရပါလိမ့်မည်။ သို့အတွက်ကြောင့် အရှင်ဘုရား ဤစေတီတော်အား ပြန်လည်၍ ပြုပြင်မှသာလျှင်
နယ်မြေဒေသတစ်ခုလုံး အေးချမ်းသာယာပြီး ဥစ္စာဓနများ ပေါကြွယ်ဝလာပါလိမ့်မည် အရှင်ဘုရား "
ဟု လျှောက်ထားပြီးနောက် နေရာ၌ပင် ရုတ်တရက်
ကွယ်ပျောက်သွားလေသည်။ ဆရာတော်သည်လည်း ဒေသခံဒါယိကာများနှင့် စုဝေး
တိုင်ပင်ကြပြီးနောက်တွင် ( ၁၂၆၄ )ခုနှစ်တွင် ပြုပြင် မွန်းမံမှု့များကို
စတင်လုပ်ဆောင်ခဲ့လေသည်။
စေတီတော်ကြီးအား ပြုပြင်နေစဉ် စေတီပျက်များ၏ကြားမှ
ကြေးပုရပိုက် ( ၇ )ဆူကို တွေ့ရှိရပြီး ထိုပုရပိုက်၏ မှတ်တမ်းများအရ
ပုဂံပြည်မှ ကျစွာမင်းကြီး၏ ကောင်းမှု့တော်ဖြင့် တည်ထားကြောင်းသမိုင်းကို
ပြန်လည်၍ သိရှိခွင့်ရကြ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရလေသည်။
ထိုပုရပိုက်များကို ပြန်လည်၍ ဌာပနာပြီးနောက် အရံစေတီ ( ၁၆
)ဆူကို ၀န်းရံစေပြီး ပြန်လည်တည်ထား ကိုးကွယ်ခဲ့သည်။ ( ၁၂၆၇ )ခုနှစ်တွင်
လက်ပံတောကျောင်း ဆရာတော်ဦးဝိမလ အရှင်သူမြတ်မှ လည်းကောင်း ၊ ( ၁၂၈၅
)ခုနှစ်တွင် ဗောဓိကျောင်းတိုက်မှ ဆရာတော် ဦးဒီပမှ ဦးစီး၍ ဦးကေလေး ၊
ဒေါ်ရွှေရွှေတို့မှ လည်းကောင်း ၊ ( ၁၃၁၀ )ပြည့်နှစ်တွင် သပြုပင်ဆရာတော်
ဦးဝိသုဒ္ဓါစာရမှ လည်းကောင်း အဆက်ဆက်ပြုပြင်ခဲ့ကြပါသည်။
ဗောဓိဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးသောနကမှာ မဟာစည်နာယက ပြည်တွင်း /
ပြည်ပ သာသနာပြု ဆရာတော်အဖြစ် တာဝန်ထမ်းရွက်တော်မူနေရပြီး
ရန်အောင်မြင်စေတီတွင် မဟာစည် တရားစခန်းများကို ဖွင့်လှစ်ပြသရန်အတွက်
ဆရာတော်ကြီး၏ ညီတော်ဖြစ်သူ ဆရာတော်ဦးဝါယမ ( အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ )အား
တောင်ပိုင်ဆရာတော်အဖြစ် ( ၁၃၃၂ )ခုနှစ်တွင် လွှဲအပ်တော်မူပါသည်။
ဆရာတော်ဦးဝါယမမှာ ( ၁၃၃၂ )ခုနှစ်မှ ( ၁၃၄၃ )ခုနှစ်အထိ (
၁၁ )နှစ်တိုင်တိုင် တရားစခန်းများကို ဖွင့်လှစ်ပြသ ဆောင်ရွက်တော်မူခဲ့ရာ
ရန်အောင်မြင်စေတီတော်ကြီးတွင် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်များ
ပေါ်ပေါက်လာခဲ့ပါသည်။
စေတီတော်ကြီးအနီး တောင်ထွတ်ပေါ်တွင် တန်ဆောင်းများ ၊
သံဃာဆောင်များ ၊ ဇရပ်များ ၊ ကမ္မဌာန်းကျောင်းများအပါအ၀င်
အဆောက်အအုံပေါင်းမှာ ( ၂၀ )ခန့် ရှိပါသည်။
တစ်ခုသောတရားစခန်းတွင် ထိုထူးခြားဆန်းကြယ်သောကိစ္စများ
ပေါ်ပေါက်၍လာခြင်း ဖြစ်ပါသည်။ တရားစခန်းဝင်ရောက် အားထုတ်လျှက်ရှိကြသော
ယောဂီသူတော်စင်များအတွက် အနှောင့်အယှက်များနှင့် ကြုံတွေ့နေကြရပါသည်။
ယောဂီများမှာ မည်သည့်နေရာမှ မည်သည့်ပုဂ္ဂိုလ်များက လာရောက်ဒုက္ခပေးသည်ကို
မမြင်ကြရပေ။ သို့ရာတွင် နေ့စဉ်ရက်ဆက်ဆိုသလို ဒုက္ခပေးနေသည်မှာ တရားစခန်းပင်
ပျက်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်လာလေတော့သည်။
ယောဂီတို့၏ အခက်အခဲများမှာ တရားပြနေသော
တောင်ပိုင်ဆရာတော်လေး၏ ခေါင်းပေါ်သို့သာ ကျရောက်လာပါတော့သည်။
ယခုအတိုင်းဆိုပါက ယောဂီများအတွက် ရင်လေးစရာပင် ဖြစ်ပါတော့သည်။
ထိုအချိန်မှစ၍ ဆရာတော်လေးဦးဝါယမသည် စေတီတော်မြတ်ကြီးတွင်
အထူးအဓိဌာန် ၀င်တော်မူပါသည်။ တရားရှု့မှတ်မှု့အပါအ၀င် ဂုဏ်တော်ကိုးပါး ၊
သမ္ဗုဒ္ဓေ ၊ မေတ္တာပို့သခြင်းများကို နာရီပေါင်းများစွာကြာအောင်
ကျင့်ကြံအားထုတ်ခဲ့ပါသည်။
ထိုအခိုက် စိတ်တွင်ဖြစ်ပေါ်လာသည်မှာ ယောဂီများအား
နှောင့်ယှက်နေကြသူများအား လက်တွေ့သိနိုင်ရန် စမ်းသပ်ကြည့်ရန်ဖြစ်လေသည်။
ထိုသို့ စမ်းသပ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်စီစဉ်ထားရသည်။
ယင်းကိစ္စအတွက် သီလရှင်လေးတစ်ပါးကိုပါ အကူအညီတောင်းရလေသည်။ အစစအရာရာ
ကြိုတင်ပြင်ဆင်ပြီးသောအခါ၌ ........
ညနေ သုံးနာရီခန့်အချိန် .........
" သီလရှင်လေး ဒီဘက်ကိုလာပါ။ မျက်နှာသစ်ပြီးရင် အ၀တ်သန့်သန့်နဲ့ မျက်နှာကို စည်းထားရမယ်။
သီလရှင်လေးစိတ်ကို ငြိမ်ငြိမ်ထားပြီး ကြည့်လိုက် ၊ မြင်ရတဲ့အရာကိုပြောပါ။ ဦးပဉ္စင်းက ဒီကနေ
ဂါထာတစ်ပုဒ် ရွတ်ပေးနေမယ် "
" တင်ပါ့ဘုရား "
တောင်ပိုင်ဆရာတော်လေးသည် ပထမအဆင့်ကို
စတင်အကောင်အထည်ဖော်လျှက် ရှိပေသည်။ ပထမအဆင့် အောင်မြင်ရေးမှာ မိမိရဟန်းဘဝ
စာလိုက်ခဲ့စဉ်က မန္တလေးတိုင်း ၊ ဝေဘူတောရအနီး ကပ်ကျော်ကျောင်း ဦးကုသရထံမှ
ရရှိခဲ့သော အစွမ်းထက် ဂါထာကို အသုံးချရန်ဖြစ်လေသည်။
ငါးမိနစ်ကျော်လာသောအခါ သီလရှင်လေးထံမှ ..........
" ဟာ ဆရာတော်လေးဘုရား ၊ တပည့်တော် မြင်ရပြီ ၊ မြင်နေရပြီဘုရား ၊ တကယ့်ကို ထူးဆန်းလှပါတယ်ဘုရား "
" ဘာတွေ့တာလဲ "
" ရှေးခေတ်က ပုံစံမျိုးနဲ့ မြို့ကြီးတစ်ခုကို မြင်နေရတယ်ဘုရား။ လှည်းတွေ ၊ နွားတွေလည်းပါတယ်။
လူတွေကလည်း သွားလာနေကြတာ ရှေးကအ၀တ်အစား ပုံစံမျိုးတွေနဲ့ တွေ့နေရတယ်ဘုရား "
" ဟေ ဟုတ်လား။ ဆက်ကြည့်ပါဦး ဘာတွေ့သေးလဲ "
" ဒီကုန်းမြေရဲ့အောက်မှာ အဆောက်အအုံတွေက တိုက်ကတုံးပုံတွေလဲတွေ့ရတယ်။ အထုပ်အပိုးတွေနဲ့
လူတွေကိုလဲ အများကြီးတွေ့နေရပါတယ်ဘုရား။ မီးရောင်တွေလဲ လင်းထိန်နေတာပဲ "
" သြော် ဟုတ်လား။ ဒါဆိုရပြီ သီလရှင်လေး ၊ ကဲ နားလိုက်တော့ "
" တင်ပါ့ "
" ဦးပဉ္စင်းသဲလွန်စ ရလိုက်ပြီ။ ကဲသီလရှင်လေး နောက်နေ့ ဒီအချိန် ဒီကို လာခဲ့ပါဦး "
" တင်ပါ့ ၊ တပည့်တော် လာခဲ့ပါမယ်ဘုရား "
ဒုတိယနေ့မတိုင်မီ ဆရာတော်လေးသည် အဓိဌာန်စရဏ
လုပ်ငန်းများကို ပြင်းထန်စွာ ကျင့်ကြံအားထုတ်ခဲ့ရလေသည်။ ဤသို့ဖြင့်
နောက်တစ်နေ့ သုံးနာရီအချိန်သို့ ရောက်လာခဲ့သည်။
" ကဲ သီလရှင်လေးတို့ ရောက်လာကြပြီနော် "
" တင်ပါ့ဘုရား "
" ဒီနေ့လဲ မနေ့ကလိုပဲ ပ၀ါလေးကိုဆက်ပြီး စည်းထားမယ်။ ဒါပေမယ့် ကျုပ်ကတော့ ဂါထာတစ်ပုဒ်ကို
ပြောင်းပြီးရွတ်နေမယ်။ မြင်သမျှကိုသာ ကျုပ်ကိုပြောပေး။ ရှင်းတယ်နော်။ "
" တင်ပါ့ဘုရား ရှင်းပါတယ် "
ဤတစ်ကြိမ်၌ ဆရာတော်သည် မိုးကုတ်မြို့နယ်မှ ဦးပဉ္စင်း
ဦးဂုဏပေးသော " ရန်နှင် " ဂါထာတော်ကြီးကို ရွတ်ဖတ်တော်မူသည်။
ရန်နှင်ဂါထာတော်ကြီးအား ရွတ်ဖတ်ပူဇော်နေစဉ် များမကြာမီ ယမန်နေ့ကတွေ့ခဲ့သော
မြို့ကြီးတစ်ခုအတွင်း မြို့သူမြို့သား ပရလောကသားများမှာ ငိုယိုပြီး
ကြောက်လန့်တကြား ထွက်ပြေးနေကြသည်ကို တွေ့မြင်နေရကြောင်း ၊
အဆောက်အအုံများမှာလည်း မီးများစွဲလောင်နေသည်ကို တွေ့ရကြောင်း ၊ ပြေးလွှား
အော်ဟစ်နေကြသည်မှာ လွန်စွာသနားစဖွယ်ဖြစ်ကြောင်း ပြောပြနေလေသည်။
" ကဲ သီလရှင်လေး အ၀တ်စည်းကိုဖြေလိုက်တော့။ ဒီတစ်ပွဲ ကျုပ်တို့နိုင်သွားပါပြီ။ ဒီတော့ သီလရှင်လေးကပဲ
ယောဂီတွေကို လိုက်ပြောလိုက်ပါ။ အားလုံး ကိုယ်စီကိုယ်ငှ စိတ်ချမ်းမြေ့စွာ တရားမှတ်နိုင်ပါပြီလို့ "
" တင်ပါ့ဘုရား "
" အေး အေး နောက်ထပ်လာခဲ့ဦး သီလရှင်လေးရေ ၊ အပြီးသတ်ရမယ့်ပွဲစဉ်တစ်ခုလို့ ဆိုရမှာပေါ့။
ဒါပေမယ့် သီလရှင်လေး သုံးရက်လောက် နားလို့ရတယ်။ ရက်စေ့မှ ပြန်လာလို့ရပါတယ် "
ဆရာတော်လေး၏ အဓိဌာန်မှာလည်း
အပြည့်အ၀အောင်မြင်ခဲ့သည့်နည်းတူ ပရလောကသားများကိုလည်း ဤတရားစခန်းကုန်းမြေမှ
အခြားအရပ်သို့ ရွှေ့ပြောင်းကြရန် အမိန့်အာဏာကိုလည်း ပြဌာန်းပေးခဲ့လေပြီ။
မိမိ၏တပည့် ယောဂီများအတွက် တာဝန်တစ်ရပ်မှာ ကျေပွန်ခဲ့ပြီဖြစ်၍ ၀မ်းသာမဆုံး
ပီတိဖုံးခဲ့ရလေသည်။
သုံးရက်မြောက်နေ့သည့်နေ့တွင် သီလရှင်လေးမှာ အဖော်များနှင့်
ပြန်ရောက်လာကြသည်။ ယခင်နည်းတူ ထုံးစံအတိုင်း မျက်နှာသစ် ၊ အ၀တ်စည်းပြီး
အာရုံပြုကြည့်လိုက်သည်။ ဆရာတော်မှ ဤတစ်ကြိမ်တွင် ဘာမှအထွေအထူး
ရွတ်မပေးတော့။ တွေ့လိုက်ရသည့်မြင်ကွင်းက မကြည့်ရက်စရာပင်။
" ဟာ ၊ ဟင် ဆရာတော်ဘုရား မြို့ပျက်ကြီးပဲ မြင်ရတော့တယ်ဘုရား။ အရင်ကလို သွားသွားလာလာ
ဘာမှမတွေ့ရတော့ပါဘုရား "
" အင်း ဒီလိုပဲဖြစ်တော့မှာပေါ့။ သူတို့ ပြောင်းသွားကြပြီကိုး "
ဆရာတော်လေးမှ တီးတိုးရေရွတ်ရင်း ပြောဆိုမိသည်။
သူတို့ဆိုသည်ကား ပရလောကသားများဖြစ်ပြီး ရန်အောင်မြင်ကုန်းနှင့် သိပ်မဝေးသော
( နှစ်ဖာလုံ ) ကြေးကျောင်း စေတီအနီးသို့ ထွက်ခွာသွားကြခြင်း ဖြစ်သည်။
ထိုအခါမှစ၍ တရားစခန်းအချိန်များ ပုံမှန်အတိုင်း ပြန်လည် စတင်နိုင်ခဲ့သည်။
ယောဂီများ ၊ ဆွမ်းကပ်သူများ ၊ ရဟန်းများ ၊ ဝေယျာဝစ္စလုပ်ကိုင်သူများ အားလုံး
ပုံမှန်အတိုင်း ဖြစ်သွားခဲ့ကြသည်။
တရားစခန်းဝင် ယောဂီများအား ဟန့်တားခဲ့မှု့နှင့်ပတ်သက်၍
တောင်ပိုင်ဆရာတော်လေးသည် အဆင့်တစ်တွင် အနှောင့်အယှက်ပေးသူတို့ကို
ရှာဖွေခြင်း။ အဆင့်နှစ်တွင် ပရလောကသားများ ရန်ရှိသဖြင့် နှင်ထုတ်ခြင်း ၊
အဆင့်သုံးတွင် မိမိ၏လုပ်ဆောင်ချက် ထိရောက်မှု့ ရှိ ၊ မရှိ ပရလောကသားများ
ရှိသေးလား စသောအချက်များ စနစ်တကျ ပါဝင်ခဲ့သည်။
မြေအောက် ပရလောကသားများ၏ နေထိုင်သွားလာပုံကို သိမြင်စေသော ဂါထာမှာ .........
အဂ္ဂိ နဂ္ဂိ သူရိယောဝ။
ဗုဒ္ဓစက္ခု ထင်ဆရာထင် ၊
မြင်ဆရာမြင်။ ( ၃၇ )အုပ် မန်းရွတ်ရသည်။
မှတ်ချက် ။ ။ အချို့သော လောကီပညာရှင်များက ဂါထာရှေ့တွင် "
ဥုံ " ထည့်၍ ရွတ်ပွားများကြသည်။ အထက်ပါ ဂါထာတော်ကို တောင်ပိုင်ဆရာတော်လေးမှ
ပထမဆုံးအဆင့်၌ စတင်အသုံးပြုခဲ့သည်။
မှတ်ချက် ။ ။ သမာဓိရှိသော ပုဂ္ဂိုလ်များ သုံးစွဲမှသာ ထိရောက်ကြည်လင်မှု့ရှိကြောင်း သိရသည်။
ရန်နှင်ဂါထာ ( သို့မဟုတ် ) သရဏဂုံ တန်ပြန်ဂါထာ
* ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။
မိဆာဂစ် နံရသဓံဗုဒ်။
* ဓမ္မံသရဏံ ဂစ္ဆာမိ။
မိဆာဂစ် နံရသမံဓမ်။
* သံဃံသရဏံ ဂစ္ဆာမိ။
မိဆာဂစ် နံရသဂန်သံ။
အထက်ပါ သရဏဂုံ ကတ်ကင်းတန်ပြန်ဂါထာမှာ အလွန်အစွမ်းထက်သည်။ သတိပြု သုံးစွဲရပါသည်။ အထက်ပါဂါထာကို ဒုတိယအဆင့်၌ သုံးစွဲခဲ့ပါသည်။
မှတ်ချက် ။ ။ ဖြစ်ရပ်မှန်ကို မိန့်ကြားပေးသော
ကြို့ပင်ကောက်မြို့ ဗောဓိရိပ်သာကျောင်းတိုက် ဒုတိယ ပဓာနနာယက ဘဒ္ဒ န္တ၀ါယမ (
အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ )အား ဤဆောင်းပါးဖြင့် ဂုဏ်ပြု ပူဇော်အပ်ပါသည်။
မှတ်ချက် ။ ။ ၂၀၀၇ခုနှစ်တွင် ဆောင်းပါးရှင်
ကိုသက်(ဇီးကုန်း) ရေးသားခဲ့သော သမိုင်းဝင် ရန်အောင်မြင် စေတီတော်မြတ်ကြီးမှ
အံ့ဖွယ်ဖြစ်ရပ်ဆန်းများ ဆောင်းပါးမှ ပြန်လည်ကောက်နှုတ်၍ မျှဝေတင်ပြခြင်းသာ
ဖြစ်ပါသည်။
ဧဒင်ဥယျာဉ် မှ
No comments:
Post a Comment