နတ်သား နတ်သမီးတွေ စုတေခါနီး(သေခါနီး)ပြီးဆိုရင် နိမိတ်ငါးမျိုးထင်လာလေ့ရှိပါတယ်။ အဲဒီ ငါးမျိုးက ဘာတွေလဲလို့ဆိုတော့…
၁။ မာလာမိလာယန္တိ- နတ်သားနတ်သမီးတွေ ပြင်ဆင်ထားတဲ့ ပန်းတွေ ညှိုးနွမ်းလာပါတယ်။ အဲဒီလို ညှိုးနွမ်းလာရင် သူတို့စုတေတော့မယ်ဆိုတာ သိပြီ။
၂။ ဝတ္ထာနိ ကိလိဿန္တိ- ဝတ်ထားတဲ့ အဝတ်အစားတွေ ညှိုးနွမ်းလာတယ်။
၃။ ကစ္ဆေ သေဒါ မုစ္စန္တိ- လက်ကတီးကြားထဲက ချွေးတွေထွက်လာတယ်။
၎။ ကာယေ ဒုဗ္ဗဏ္ဏိယံ သြက္ကမတိ- ခန္ဓာကိုယ်ရဲ့ အဆင်းတွေ ဖောက်ပြန်လာတယ်။
၅။ သကေ ဒေဝေါ ဒေဝါသနေ နာဘိရမတိ- မိမိတို့ ဘုံဗိမာန်မှာ နေထိုင်ရတာ မပျော်ပိုက်တော့ဘူးတဲ့။ သိပ်ပျော်စရာကော်းတဲ့ နတ်ဘုံမှာတောင် မပျော်တော့ဘူးတဲ့။ စုတေခါနီးလာလို့လေ။
နတ်သား နတ်သမီးတွေ စုတေခါနီးပြီးဆိုရင် အထက်ပါပြောခဲ့တဲ့ နိမိတ်ငါးမျိုးထင်လာကြတယ်။ ဒီနိမိတ်တွေ ထင်လာပြီဆိုရင် သူတို့စုတေတော့မယ်ဆိုတာ သိကြပါတယ်။ (ဣတိဝုတ်ပါဠိတော်)
နတ်တို့သည် နတ်ပြည်မှစုတိသေလွန်ကုန်သည်ရှိသော် အသက်ကုန်ခြင်းကြောင့်လည်းကောင်း၊ ကောင်းမှု ကုန်ခြင်းကြောင့်လည်းကောင်း၊ အာဟာရ ကုန်ပြတ်ခြင်းကြောင့်လည်းကောင်း၊ အမြတ်ဒေါသထွက်ခြင်းကြောင့် လည်းကောင်း ဤအကြောင်းတရားလေးပါးတို့ကြောင့် သေလွန်ကုန်၏။ ထိုလေးပါးတို့တွင်
၁။ အကြင်သူသည် များစွာကုန်သော ကုသိုလ်ကောင်းမှုကံကို ပြုအပ်၏။ ထိုသူသည် နတ်ပြည်၌ဖြစ်၍ အသက်ရှည်သမျှကာလပတ်လုံး တည်နေ၍ သေလွန်ပြီးသောအခါ အထက်ထက်ဖြစ်သော နတ်ပြည်၌ ဖြစ်လေသည်။ ဤသို့သော သေခြင်းမျိုးသည် အသက်ကုန်ခြင်းကြောင့်သေခြင်း ဖြစ်ပါ၏။
၂။ အကြင်သူသည် အနည်းငယ်မျှသော ကုသိုလ်ကောင်းမှုကို ပြုအပ်၏။ မင်း၏ကျီတော်၌ ထည့်သွင်း၍ ထားအပ်သော လေးကွမ်းစားမျှလောက်သော စပါးကဲ့သို့ အသက်တမ်း၏အကြား၌သာလျှင် ထိုသူ၏ ကုသိုလ်ကောင်းမှုသည် ကုန်၏။ အသက်အပိုင်းအခြား၏ အကြားတွင်သာလျှင် သေလွန်ခြင်းကိုပြု၏။ ဤသို့သေလွန်ခြင်းသည် ကောင်းမှုကုသိုလ်ကံ ကုန်သောကြောင့် သေလွန်ခြင်း ဖြစ်၏။
၃။ နတ်သားတစ်ယောက်သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားသည်ရှိသော် သတိလွတ်ကင်း တွေဝေသဖြင့် အာဟာရကို မသုံးဆောင် မစားသောက်မူ၍ ညစ်နွမ်းပင်ပန်းသော သဘောရှိသည်ဖြစ်၍ သေလွန်ခြင်းကိုပြု၏။ ဤသို့သေလွန်ခြင်းသည် အာဟာရကုန်ပြတ်ခြင်းကြောင့် သေလွန်ခြင်းမည်၏။
၎။ နတ်သားတစ်ယောက်သည် သူတစ်ပါး စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို သည်းမခံနိုင်သောကြောင့် အမျက်ဒေါသ ပြင်းစွာထ၍ သေလွန်ခြင်းကိုပြု၏။ ဤသို့သေလွန်ခြင်းသည် အမျက်ဒေါသကြောင့် သေလွန်ခြင်းဖြစ်၏။ (ဓမ္မပဒ)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:
Post a Comment