23.11.12

စံကင်း ဆရာတော်

စံကင်း ဆရာတော် ဘုရာကြီး (၁၈၇၀ – ၁၉၇၁)
၁။ (က) ဘွဲ့အမည် – ဘဒ္ဒန္တစန္ဒဘိဝံသ (ခ) ငယ်မည် – မောင်ကောင်း
၂။ မိဘအမည် – ခမည်းတော် ဦးအိုင် + မယ်တော် ဒေါ်မင်းတပ်
၃။ မွေးသက္ဗရာဇ် – (မြန်မာ) ၁၂၃၂၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ အင်္ဂါနေ့
၎။ မွေးဖွားရာဒေသ – စစ်ကိုင်းမြို့၊ လင်းယဉ်ရွာ
၅။ ကလောင်အမည်ခွဲများ – မရှိပါ

ကိုယ်ရေးဖြစ်စဉ်

စံကင်း ဆရာတော်ဟု ထင်းရှား ကျော်ကြားလာမည့် ပုဂ္ဂိုလ်မြတ်လောင်းလျာ မောင်ကောင်းအား မြန်မာ သက္ကရာဇ်
၁၂၃၂ ခု၊ နတ်တော် လပြည့်ကျော် ၆ ရက်၊ အင်္ဂါနေ့တွင် မွေးဖွား သန့်စင်တော်မူ ခဲ့သည်။ ဖခမည်းတော်မှာ ဦးအိုင်
ဖြစ်၍ မယ်တော်မှာ ဒေါ်မင်းတပ် ဖြစ်ပါသည်။
၁၂၃၉ ခုနှစ်တွင် လင်းယဉ်ရွာကျောင်းတွင် ပညာသင်ရန် အပ်နှံခဲ့ပြီး ၁၂၄၂ ခုတွင် လင်းယဉ်ရွာ၌ပင် ရှင်သာမဏေ
ဘဝသို့ ရောက်ရှိတော်မူ ခဲ့သည်။ ၁၂၅၁ ခုတွင် မန္တလေးမြို့ မြတောင်တိုက်၌ ရဟန်း ဖြစ်သည်။ ၁၂၅၃ ခုတွင် မန္တလေး
မြို့ အရှေ့ပြင်အရပ် မဟာဝိသုဒ္ဓါရုံတိုက်သို့ သွားရောက် သီတင်းသုံးတော်မူသည်။ သိက္ခာတော် ၇ ဝါ အရတွင် အရှေ့
ပြင် မဟာဝိသုဒ္ဓါရုံတိုက် ရမည်းသင်း ကျောင်းတိုက်တွင် ကျောင်းထိုင်ဘုန်းကြီး အဖြစ် အုပ်ချုပ်တော်မူသည်။
၁၂၆၁ ခုနှစ်၊ သိက္ခာတော် ၁၀ ဝါ အရတွင် ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ပြင်ကြားရိုးရွာ၌ ကျောင်းထိုင် ဆရာတော်
အဖြစ် ဝါကပ်တော်မူ ခဲ့သည်။ ၁၂၆၄ ခုနှစ်တွင် မန္တလေးမြို့နယ် မဟာဝိသုဒ္ဓါရုံ တိုက်သစ်တွင် စာချ နာယက အဖြစ်
ဆောင်ရွက်တော်မူပြီး ၁၂၆၆ ခုနှစ်တွင် ဓနုဖြူမြို့ အရှေ့ဘက်ကမ်း စံကင်းရွာကြီး၌ သီတင်းသုံးရာမှ စ၍
‘စံကင်းဆရာတော်’ ဟု အမည်တွင်ခဲ့သည်။
၁၂၈၆ ခု အရောက်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဝါဆိုကျောင်းတွင် နာယက ဆရာတော် အဖြစ်
ဆောင်ရွက် သီတင်းသုံးနေစဉ် မန္တလေး ပရိယတ္တိသာသနဟိတ အသင်းမှ ‘ဘဒ္ဒန္နစန္ဒာဘိဝံသ’ ဓမ္မာစရိယ ဘွဲ့တံဆိပ်
တော် ဆက်ကပ် ပူဇော်ခြင်းကို ခံယူတော်မူသည်။ ၁၂၉၁ ခုတွင် မဟာဝိသုဒ္ဓါရုံတိုက်၊ တိုက်ကြပ် ဆရာတော် အဖြစ်
ခန့်အပ် တင်မြှောက်ကြသည်။ ရွှေကျင် နိကာယသာသနာပိုင် အဖြစ် ၁၂၉၄ တွင် တင်မြှောက်ခြင်း ခံရသည်။ စစ်ကိုင်း
တောင်ရိုး ဝိပဿနာ ဓမ္မာရုံတိုက်၌ နေစဉ်ကာလ ၁၃၀၅ ခုတွင် ‘အဘိဓဇမဟာရဌဂုရု’ ဘွဲ့တံဆိပ်တော် ဆက်ကပ်
ပူဇော်ခြင်းကို ခံရပြန်သည်။
၁၃၁၅ ခုနှစ်တွင် ရွှေကျင် နိကာယ သံဃာတော်များ၏ ပင့်လျှောက်ချက် အရ ရွှေကျင်နိကာယ ဗဟိုဌာန ဖြစ်သော
မဟာဝိသုဒ္ဓါရုံတိုက်တွင် ပြန်လည် သီတင်းသုံးတော်မူသည်။ ဆရာတော် ဘုရားကြီး သက်တော် ၈၇ နှစ်၊ သိက္ခာတော်
၆၇ ဝါ အရောက်တွင် သီးသန့် ဆောက်လုပ် လှူဒါန်းသော မဟာဝိသုဒ္ဓါရုံ စံကင်းကျောင်းဆောင်၌ သီတင်းသုံးတော်မူ
သည်။ ၁၃၂၃ ခုနှစ်၊ သက်တော် ၉၀ နှစ်၊ သိက္ခာတော် ၇၁ ဝါတွင် မန္တလေးမြို့ ဆိုင်းတန်းရပ် ဦးသာဒင်၊ ဒေါ်ကျင်
သားသမီး တစုတို့ ဆောက်လုပ် လှူဒါန်းသော မဟာဝိသုဒ္ဓါရုံ သက်တော်ရှည်ကျောင်းတွင် သီတင်းသုံးတော် မူခဲ့သည်။
ရွှေကျင် နိကာယဂိုဏ်းလုံး ဆိုင်ရာ သံဃာ့ အစည်းအဝေးကြီးများက (၂) ကြိမ်တိုင်တိုင် ‘ရွှေကျင် နိကာယ ဥက္ကဋ္ဌ
မဟာနာယက’ အဖြစ် စံကင်း ဆရာတော်ကြီးအား တင်မြှောက်ကြသည်။ ထိုအချိန်က စံကင်း ဆရာတော် ဘုရားကြီး
သည် စစ်ကိုင်းတောင်ရိုး မဟာဂန္ဓရုံ ဝိပဿနာတိုက်၌ ဝိပဿနာဓူရကို ကိုယ်တိုင် အားထုတ် ယောဂီတို့ကိုလည်း
နည်းပြ ဆုံးမလျှက် သီတင်းသုံးစဉ် ကာလ ဖြစ်ပေသည်။ ဆရာတော် သံဃာတော်များက ပရိသတ် အခြံအရံနှင့် စံကင်း
ဆရာတော် ဘုရားကြီးကို မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သို့ ပင့်ဆောင်ကြသည်။ ရွှေကျင်ဂိုဏ်းကြီးကို ဦးစီး အုပ်ချုပ်
တော်မူရ သဖြင့် ‘ရွှေကျင် နိကာယ ဥက္ကဋ္ဌ၊ မဟာနာယက၊ ဓမ္မသေနာပတိ’ အဖြစ်သို့ ရောက်ရှိတော် မူလေသည်။
သက္ကရာဇ် ၁၃၁၅ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၇ ရက်၊ ၁၉၅၃ ခု၊ ဇူလိုင်လ ၁၈ရက်နေ့တွင် မြန်မာနိုင်ငံတော် အစိုးရက
စံကင်း ဆရာတော် ဘုရာကြီးအား ‘အဘိဓဇအဟာရဌဂုရု’ ဘွဲ့တံဆိပ်တော်ကို သမ္မတ အိမ်တော်၌ အခမ်းအနားဖြင့်
ဆက်ကပ် ပူဇော်ခဲ့လေသည်။ စံကင်း ဆရာတော် ဘုရားကြီးသည် ၁၃၃၄ ပထမ ဝါဆိုလပြည့်ကျော် ၁၀ ရက်နေ့တွင်
ဘဝခရီး အပြီးသတ်တော် မူခဲ့သည်။
ရွှေကျင် နိကာယ သာသာနာဝင် တလျှောက်တွင် ဆရာတော်ကြီးသည် သက်တော် ၁၀၁ နှစ်၊ ၇ လ၊ ၄ ရက်ထိ
သက်တော်ရှည်ခဲ့ သဖြင့် ‘သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီး’ အဖြစ် မှတ်တမ်းတင် ပူဇော်အပ်ပါသည်။

ရေးသား ပြုစုခဲ့သည့် ကျမ်းစာပေများ

  • အဘိဓာနပ္ပဒီပိကာသူစိကာကျမ်း (သီဟိုဠ် အက္ခရာရေးမှ မြန်မာအက္ခရာ ရေးသားပြန်ဆို) ၁၂၆၂ ခုတွင်
ရေးသား ပြီးစီးသည်။
  • ဆန္ဒေမဉ္ဇရီပ္ပစ္စပသီမနီကျမ်း
  • ပါတိမောက်နိသျှ
  • ဆန်းနိသျှ
  • အလင်္ကာနိသျှ
  • ဝစ္စဝါစကနိသျှ
  • ကာလသုံးပါး ဘုရားရှိခိုး (အဘိဓဇ စံကင်း ဆရာတော် ဘုရားကြီး၏ သြဝါဒ ဓမ္မကထာ)
06:11, 23 ဧပြီ 2010 (UTC)

ကိုးကား

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်
တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့်
စာစုစာရင်း (ဒုတိယတွဲ)’
အကျော်ဒေးယျ ဆရာတော်ကြီးများ၏ ဘဝ၊ သြဝါဒနှင့် ဖြစ်ရပ်ဆန်းများ (၃)၊ တင်အောင်သွင် ရေးသားပြုစု၊ ရန်အောင်
စာပေ၊ ၂၀၀၄ ခု၊ ဇူလိုင်လ။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးးများ၏  ထေရုပ္ပတ္တိများကို google မှရှာဖွေကာပြန်လည် တင်ပြခြင်းဖြင့်
ဒါနပြုရပါလို၏။။။။။
အောင်အောင်(မကစ) မှ ကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment