21.11.12

အရှင်သာရိပုတ္တရာ


အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ တပည့်သာဝကတို့တွင် အမြတ်ဆုံး အဂ္ဂသာဝက မထေရ်ကြီး နှစ်ပါးအနက် လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်သည်၊ မြတ်စွာဘုရားမှာ တပါး ပညာအရာတွင် ပြိုင်ဘက်ကင်းသော မထေရ်ကြီးဖြစ်သည်၊ မြတ်စွာဘုရားသည် တရားမင်း(ဓမ္မရာဇ်) ဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာကား တရားစစ်သူကြီး(ဓမ္မသေနာပတိ) ဖြစ်တော်မူသည်၊ မြတ်စွာဘုရား၏ အားအထားရဆုံးသော တပည့်ကြီးဖြစ်သည်၊ လူဝတ်ကြောင် ဘ၀ကပင် လောကီဝေဒကျမ်းများနှင့် ၀ါဒရေးရာကျမ်းများ၌ ပြိုင်ဘက်မရှိ ကျွမ်းကျင်သူဖြစ်သည်၊ သာသနာတော်သို့ ၀င်ရောက်လာသောအခါ လူမျိုးစုံတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီးတို့ကို အသိဉာဏ် အလင်းရောင် ပေးဝေခဲ့သည့် သာသနာ့အာဇာနည်ကြီး ဖြစ်ပေသည်။ ထိုအရှင်မြတ်၏ ဘ၀ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။


လွန်ခဲ့သော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလက အရှင်သာရိပုတ္တရာအလောင်းလျာသည် ပုဏ္ဏားသူဌေးမျိုး၌ သရ ဟူသော အမည်ဖြင့်လည်းကောင်း၊ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းလျာသည် ပုဏ္ဏားသူဌေးမျိုး၌ သရဒဟူသော အမည်ဖြင့်လည်းကောင်း၊ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းလျာသည် သူကြွယ်မျိုး၌ သီရိဝဍ္ဎနဟူသော အမည်ဖြင့်လည်းကောင်း ထင်ရှားခဲ့ကြသည်။ အတူတစ်ကွ ကစားဖော် ကစားဖက် သူငယ်ချင်းများ ဖြစ်ကြသည်၊ သီရိဝဍ္ဎနမှာ လူ့လောကတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့သော်လည်း သရဒလုလင်မှာမူ လောကကို ငြီးငွေ့ပြီး ရသေ့ဝတ်ခဲ့သည်။ ဟိမ၀န္တာတောအရပ်၌ သမထကမ္မဋ္ဌာန်း တရားအားထုတ်၍ ဈာန်အဘိညာဉ်ရလေသည်။ တပည့် ပရိသတ်ရသေ့ပေါင်း ၇၄၀၀၀-ရှိလေသည်၊ ထိုရသေ့တို့လည်း ဈာန်အဘိညာဉ်ရရှိကြပြီး ဈာန်ချမ်းသာဖြင့် ပျော်မွေ့နေကြသည်။
ထိုအချိန်ကား အနောမဒဿီ မြတ်စွာဘုရား လောက၌ ပွင့်တော်မူနေချိန်ဖြစ်သည်။ တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ယံအခါ သတ္တလောကကို ဉာဏ်တော်ကွန်ယက်ဖြင့် ဖြန့်ကျက် ကြည့်ရူရာတွင် သရဒရသေ့နှင့် တပည့်ရသေ့တို့ကို မြင်တော်မူ၍ တစ်ပါးတည်း ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်၊ သရဒရသေ့သည် မြတ်စွာဘုရားကို လေးစားစွာ ၀တ်ပြုပူဇော်နေခိုက် တပည့်ရသေ့များ သစ်သီးရှာရာမှ ပြန်ရောက်လာကြသည်။ ထိုအချိန်မှာပင် အနောမဒဿီမြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်ကြသော နိသဘထေရ်နှင့် အနောမ မထေရ်တို့ ဦးဆောင်သော ရဟန္တာတစ်သိန်းတို့လည်း ကြွရောက်တော် မူလာကြသည်။ သရဒရသေ့ ဦးဆောင်သော တပည့်ရသေ့တို့သည် ဘုရားအမှူးရှိသော ရဟန္တာတစ်သိန်းတို့အား ပန်းမျိုးစုံနေရာတော်များ ခင်းကျင်း၍ ပန်းထီးကြီးများ ဆောင်းမိုးကာ သစ်သီးမျိုးစုံ ဆက်ကပ်လှူဒါန်းလျက် ခမ်းနားစွာ ပူဇော်ကြသည်။
မြတ်စွာဘုရားနှင့် ရဟန္တာတစ်သိန်းတို့သည် ခုနှစ်ရက်တိုင်တိုင် ထိုအရပ်၌ နိရောဓသမာပတ် ၀င်စားတော်မူကြပြီး သမာပတ်မှ ထကြသောအခါ အဂ္ဂသာဝက နိသဘထေရ်က ဦးစွာ တရားဟောတော်မူသည်။ ထို့နောက် မြတ်စွာဘုရား ကိုယ်တော်တိုင် တရားဟောတော်မူရာ သရဒရသေ့မှတပါး ရသေ့အားလုံးတို့ ရဟန္တာဖြစ်တော်မူကြလေသည်၊ သရဒရသေ့မှာမူ တရားဟောသော အဂ္ဂသာဝက လက်ယာတော်ရံ နိသဘထေရ်ကို အားကျနေသဖြင့် တရားထူးကို မရခဲ့ပေ။ သရဒရသေ့သည် နောင်ပွင့်လတ္တံ့သော ဘုရားတစ်ဆူ၏ထံ၌ နိသဘထေရ်ကဲ့သို့ အဂ္ဂသာဝကဖြစ်ရန် ဆုပန်ခဲ့လေသည်။ အနောမဒဿီမြတ်စွာဘုရားကလည်း နောင်ပွင့်လတ္တံ့သော ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာရိပုတ္တရာအမည်ဖြင့် အဂ္ဂသာဝကဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ဘ၀များစွာ ပါရမီများကိုဖြည့်ကျင့်လျက် သံသရာဝယ် ကျင်လည်ခဲ့ရာ နောက်ဆုံးဘ၀သို့ ရောက်လာသည်။
အရှင်သာရိပုတ္တရာ အလောင်းလျာသည် မဂဓတိုင်း ရာဇဂြိုလ်မြို့တော်အနီး ဥပတိဿမည်သော ရွာ၌ ၀င်္ဂန္တပုဏ္ဏားကြီး၏ဇနီး ရူပသာရီပုဏ္ဏေးမကြီး၏ ၀မ်းဝယ် ပဋိသန္ဓေယူပြီး မွေးဖွားသောအခါ ဥပတိဿရွာ အကြီးအကဲမျိုး၏ သားဖြစ်၍ ဥပတိဿဟု အမည်မှည့်လေသည်။ ဥပတိဿသည် မိသားစု ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာ ကောလိတနှင့် အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ကြသည်။ ငယ်စဉ်မှာပင် ဝေဒသုံးပုံ ပညာစုံတတ်မြောက်ကြသည်။ ရွှေထမ်းစင် ၅၀၀၊ လုလင်ပေါင်း ၅၀၀စီ အခြံအရံရှိသည်၊ ရာဇဂြိုဟ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ်သဘင်ပွဲသို့ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ အခြံအရံများနှင့်အတူ အမြဲတမ်းသွားလာ ကြည့်ရူပျော်ရွှင်ခဲ့ကြသည်၊ တစ်နေ့၌မူ သူငယ်ချင်းနှစ်ဦးတို့ ပွဲကြည့်ရင်း ကြည့်ရင်း သံဝေဂစိတ်များ ၀င်လာကြသည်။
“ပွဲကြည့်သူ ပွဲကသူများ အားလုံးတို့သည် အနှစ်တစ်ရာမရောက်မီ သေကြရမည်၊ မသေမီကာလအတွင်း ရရှိသောအချိန်ကို ပျော်ရွှင်ခြင်း၌ အသုံးမပြုဘဲ သေခြင်းကင်းရာ(အမတ)ကိုရှာဖွေခြင်း၌ အသုံးပြုမှ သင့်တော်ပေမည်”ဟု ကြံစည်ကြကာ သံသရာလွတ်မြောက်ရေး ရှာဖွေရန် နှစ်ဦးသဘောတူ တိုင်ပင်၍ တောထွက်ခဲ့ကြသည်။
ထိုအချိန်က ရာဇဂြိုဟ်မြို့တော်တခွင်၌ ထင်ရှားသော ဆရာကြီးမှာ သိဉ္စည်း ပရိဗိုလ်ကြီး ဖြစ်သည်။ ကောလိတနှင့် ဥပတိဿတို့သည် အခြံအရံတပည့် ၅၀၀ စီနှင့်အတူ သိဉ္စည်းဆရာကြီးထံ ပရိဗိုဇ်ဝတ်ကြလေသည်။ နှစ်ရက် သုံးရင်နှင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒကို နားလည်သွားကြသည်။ သို့ရာတွင် သိဉ္စည်းဆရာကြီး၏ အယူဝါဒ၌ သူတို့လိုချင်နေသော သေခြင်းကင်းရာတရားကို မတွေ့ကြ။ ထို့ကြောင့် သိဉ္စည်းဆရာကြီးက မိမိဂိုဏ်းကြီးကို အတူတကွ လက်တွဲဦးဆောင်ရန် လွှဲအပ်သော်လည်း လက်မခံဘဲ ဆရာရှာရန် လမ်းခွဲ၍ ထွက်ခွာခဲ့ကြသည်။ တရားထူးတွေ့က တစ်ဦးကို တစ်ဦး အသိပေးကြစတမ်းဟုလည်း ကတိက၀တ် ထားကြသည်။ တွေ့သမျှဆရာတို့လည်း သေခြင်းကင်းရာတရားကို ညွှန်ပြနိုင်သူများ မဟုတ်ကြ။
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် ပဉ္စ၀ဂ္ဂီငါးဦးတွင် တစ်ဦးဖြစ်သူ အရှင်အဿဇိ မထေရ်သည် ရာဇဂြိုဟ်သို့ ရောက်လာသည်။ ဥပတိဿသည် ဆွမ်းခံကြွလာသော အရှင်အဿဇိ မထေရ်၏ တည်ငြိမ်သော ဣနြေ္ဒ၊ အသားအရေကြည်လင်မူကို တွေ့မြင်သောအခါ တရားထူးရှိသူ ဧကန်ဖြစ်ရမည်ဟု ဆုံးဖြတ်ပြီး မထေရ်နောက် လိုက်ခဲ့သည်။ အရှင်အဿဇိနှင့် တွေ့၍ တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိ မထေရ်က ဥပတိဿပရိဗိုဇ်အား သစ္စာလေးချက် အနက်အဓိပ္ပာယ်ပြည့်ဝသော အောက်ပါဂါထာ ဓမ္မဒေသနာကို ဟောကြားတော်မူသည် -
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧ၀ံ ၀ါဒီ မဟာသမဏော။
“ဖြစ်ပေါ်လာသမျှ သဘောတရားတို့သည် အကြောင်းတရားလျှင် အမွန်အစ ရှိကြကုန်၏။ မြတ်စွာဘုရားသည် ဖြစ်ပေါ်လာသမျှသော သဘောတရားတို့၏ အကြောင်းကို ဟောတော်မူ၏၊ ထိုဖြစ်ပေါ်လာသမျှသော သဘောတရားတို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏။ ကြီးမြတ်သော မြတ်စွာဘုရားသည် ဤသို့ ဟောပြလေ့ရှိတော်မူ၏”။
ဥပတိဿသည် ဂါထာထက်ဝက်ကို ကြားနာရုံမျှဖြင့်ပင် သောတာပတ္တိဖိုလ်တည်၏။ အရှင်အဿဇိ မထေရ်လည်း မြတ်စွာဘုရား သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူလေသည်။ ကောလိတပရိဗိုဇ်သည် တည်ငြိမ်သော ဣနြေ္ဒဖြင့် ပြန်လာသော သူငယ်ချင်းဥပတိဿကို အဝေးမှမြင်ရလျှင်ပင် တရားထူးတွေ့ခဲ့ပြီဖြစ်ကြောင်း မှန်းဆသိရှိသွားသည်။ ဥပတိဿသည် သူငယ်ချင်း ကောလိတအား မိမိ နားကြားခဲ့ရသော သစ္စာလေးပါးတရားဂါထာကို ပြန်လည်ဟောပြောရာ ကောလိတလည်း သောတာပန်တည်လေသည်။
သူငယ်ချင်းနှစ်ဦးတို့သည် သိဉ္စည်းဆရာကြီးထံသွား၍ နူတ်ဆက်ကြ၏။ မသေရာတရားကို ဟောကြားတော်မူနိုင်သော ဘုရားရှင်ထံလိုက်ခဲ့ရန်လည်း အမျိုးမျိုးဖျောင်းဖျခေါ်ဆောင်ကြသည်။ “ဆရာလုပ်ပြီးမှ တပည့်မခံလိုတော့”ဟု နောက်ဆုံးအဖြေပေးကာ “လောက၌ လူမိုက်နှင့်လူလိမ္မာ ဘယ်သူကများသလဲ”ဟု မေးရာ လူမိုက်ကများကြောင်း ဖြေကြရသည်။ “သင်တို့ မစိုးရိမ်ကြနှင့်၊ လူလိမ္မာတွေ ဂေါတမဆီသွား၊ လူမိုက်တွေ ငါ့ဆီလာကြလိမ့်မည်”ဟု စကားကုန်ပြောလိုက်သည်။ ဥပတိဿ၊ ကောလိတတို့သည် အခြံအရံ ငါးရာနှင့်အတူ ပရိဗိုဇ်အရံမှ ထွက်ခဲ့ကြသည်။
သိဉ္စည်းဆရာကြီးသည် ပရိဗိုလ်အရံကြီးတခုလုံး ပရိသတ်အခြွေအရံ ကင်းဆိတ်သွားသည်ကို မြင်တွေ့ရသဖြင့် ရုတ်တရက် စိတ်နှလံးပူပန်ကာ သွေးအန်ခြင်းဝေဒနာ ခံစားရလေသည်။ ထိုအဖြစ်အပျက်ကို မရူရက်ကြသဖြင့် တပည့် ၂၅၀တို့သည် ပြန်လှည့်၍ ပရိဗိုဇ်ကျောင်း၌ ကျန်ရစ်ခဲ့ကြသည်၊ ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင် မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြသည်။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ ဦးစွာ ရဟန္တာဖြစ်ကြသည်။ ခေါင်းဆောင် ဥပတိဿနှင့် ကောလိတနှစ်ဦးမှာမူ တရားထူးမရကြသေးပေ။
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင်သာရိပုတ္တရာမထေရ်၏တူ ဒီဃနခပရိဗိုဇ်အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကို ဟောရာ၌ ယပ်လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွားသည်။ ဒီဃနခပရိဗိုဇ်မှာမူ သောတာပန်မျှသာဖြစ်လေသည်။ ထိုနေ့မှာပင် ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်၌ ပထမသာဝကသန္နိပါတခေါ် ဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်ပေါင်း တစ်ထောင့်နှစ်ရာငါးကျိပ်တို့ ဆုံစည်းစုဝေး မိကြသည်၊ ပထမသာဝကသန္နိပါတ-ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးဟု ခေါ်တွင်၏။ ထိုသံဃာ့အစည်းအဝေးကြီးကား ဤဘုရား သာသနာတော်၌ တစ်ကြိမ်သာလျှင် ဖြစ်သည်၊ ထိုအစည်းအဝေးကြီး၏ ထူးခြားချက်ကား -
(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊
(၂) သံဃာတော် ၁၂၅၀-တို့သည် မည်သူမျှ မပင့်ဖိတ်ရဘဲ အလိုအလျောက် ကြွရောက်လာခြင်း၊
(၃) သံဃာတော် ၁၂၅၀ လုံး ဆဠဘိည ရဟန္တာချည်း ဖြစ်ကြခြင်း၊
(၄) အားလုံးသော သံဃာတို့ ဧဟိဘိက္ခုချည်း ဖြစ်တော်မူခြင်းတို့ ဖြစ်ကြသည်။
အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ သံဃာ့အစည်းအဝေးပွဲကြီးတွင် အဂ္ဂသာဝကရာထူး အပ်နှင်းတော်မူပြီး ရဟန်းတို့အား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမ၍ သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
မြတ်စွာဘုရားရှင်က ထိုအစည်းအဝေးကြီးတွင် ဥပတိဿအား အရှင်သာရိပုတ္တရာဟူသော အမည်ဖြင့်လည်းကောင်း၊ ကောလိတအား အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အမည်ဖြင့်လည်းကောင်း၊ အဂ္ဂသာဝကအရာ အပ်နှင်းချီးမြှင့်တော်မူသည်။ နောင်အခါ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ “ဉာဏ်ပညာကြီးမားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သာရိပုတ္တရာသည် အတော်ဆုံး အသာလွန်ဆုံး အမြတ်ဆုံးဖြစ်ပေ၏”ဟု ပညာအရာ ဓတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူသည်။
မထေရ်မြတ်သည် ၄၄-၀ါ ကာလပတ်လုံး သတ္တ၀ါအကျိုးငှာ ကျင့်တော်မူခဲ့သည်။ မထေရ်မြတ်၏ တရားတော်တို့ကို ပိဋကတ်စာပေတွင် များပြားစွာ မှတ်တမ်းတင်ခဲ့သည်။ ပဋိသမ္ဘိဒါမဂ်၊ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသပါဠိတော်တို့မှာ မထေရ်မြတ်ဟောကြားတော်မူသော တရားတော်များဖြစ်သည်၊ အဘိဓမ္မာဒေသနာတော် လူ့လောက၌ ထင်ရှားစွာ တည်ရှိခဲ့သည်မှာလည်း မထေရ်မြတ်၏ စွမ်းဆောင်မူကြောင့်ပင်ဖြစ်သည်၊ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်၊ လူ့ပြည်၌မူ ရှင်သာရိပုတ္တရာတစ်ပါးတည်းကိုသာ နည်းရရုံ အကျဉ်းအားဖြင့် ဟောကြားခဲ့သည်။ ယခုရှိနေသော အဘိဓမ္မာတရားတော်များသည် ရှင်သာရိပုတ္တရာက ၎င်း၏တပည့်များအား သင်ကြားပို့ချပေးခဲ့သော အဘိဓမ္မာတရားတော်များဖြစ်သည်၊ ဘုရားရှင်အား သာသနာအဓွန့်ရှည်ရေးအတွက် ၀ိနည်းသိက္ခာပုဒ်များ ပညတ်ရန်နှင့် ဘုရားဖြစ်တော်စဉ် ဟောကြားတော်မူရန်လည်း မထေရ်မြတ်ကပင် တောင်းပန်ခဲ့သည်။
ဂါရ၀ နိဝါတအရာတွင်လည်း မထေရ်မြတ်သည် စံတင်အတုယူလောက်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ တခါသော် အရေးတကြီး ကိစ္စရှိသဖြင့် သင်္ကန်းကို မညီမညာဝတ်ရုံမိသော အရှင်သာရိပုတ္တရာအား သာမဏေတစ်ပါးက ညီညာစွာဝတ်ရုံသင့်ကြောင်း ပြောပြသဖြင့် သင်္ကန်းကို ညီညာစွာ ပြန်လည် ၀တ်ရုံပြီး ကိုရင်လေးရှေ့ရပ်ပြကာ သာမဏေငယ်၏ ဆုံးမမူကို ဦးထိပ်ပန်ဆင်၍ ပြုံးရွှင်ကျေနပ်စွာ လိုက်နာဖူးသည်။
အရှင်သာရိပုတ္တရာသည် တချိန်က ဟိမ၀န္တာလိုဏ်ဂူတခု၌ တံမြက်မလှည်းဘဲ သမာပတ်ဝင်စားနေမိသည့်အတွက် မြတ်စွာဘုရားဆုံးမဖူးသည်ကို တသက်လုံး စွဲမြဲစွာ နာယူခဲ့သည်။ ထိုအခါမှ စ၍ သံဃာတော်များ ဆွမ်းခံကြချိန်တွင် ကျောင်းတိုက်တခုလုံးသို့ လှည့်လည်၍ တံမြက်လှည်းခြင်း၊ ရေခပ်ဖြည့်ခြင်းစသော သေနာသန၀တ်တို့ကို ပြုတော်မူလေ့ရှိသည်။ ထိုသို့ သေနာသန၀တ်ကို ပြုပြီးမှ ဆွမ်းခံကြွတော်မူမြဲဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မပျင်းမရိ မခိုမကပ် လိုက်နာဆောင်ရွက်ရေးအတွက်လည်း ရှေ့ဆောင်လမ်းပြခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။
မထေရ်မြတ်သည် သာသနာ့ဘောင်တွင် အဂ္ဂသာဝကကြီးအဖြစ် အထင်ရှာဆုံး အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည့်အားလျော်စွာ သူတပါးကျေးဇူးကို သိသည့်အရာတွင်လည်း ပြိုင်ဘက်ကင်းတော်မူ၏၊ မိမိကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးသော ရာဓပုဏ္ဏား၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတုံ့ဆပ်သောအနေဖြင့် ရာဓကို ရဟန်းပြုပေးခဲ့သည်။ လွန်စွာဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ပုဏ္ဏားအိုကြီး ရာဓသည် အသက်အရွယ်ကြီးရင့်သဖြင့် ကျောင်းသို့လာကာ ရဟန်းပြုပေးပါမည့်အကြောင်း သံဃာတော်တို့အား လျှောက်ထားရာ သံဃာတော်တို့က ဥပေက္ခာပြု လျစ်လျူရူနေကြသည်။ ရှင်သာရိပုတ္တရာကျေးဇူးသိမူကြောင့် ပုဏ္ဏားအိုကြီးရာဓသည် ဆဠဘိည ပဋိသမ္ဘိဒါပတ္တ မဟာသာဝကကြီးတပါး ဖြစ်ခဲ့သည်။
ထိုမှတပါး ဆရာ၏ကျေးဇူးကို သိရာ၌လည်း အရှင်သာရိပုတ္တရာမထေရ်ကြီးသည် စံတင်လောက်ပါပေသည်။ မိမိ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်၌ မိမိအား သရဏဂုံတည်အောင် အရိယာဘ၀သို့ရောက်ရှိအောင် ဟောပြခဲ့သည့် မိမိဆရာ အရှင်အဿဇိမထေရ်သီတင်းသုံးရာ အရပ်ဒေသဘက်သို့ ခေါင်းရင်းပြု၍ အိပ်စက်လေ့ရှိသည်။ အဂ္ဂသာဝကဧတဒဂ်ရ ပုဂ္ဂိုလ်ကြီးဖြစ်နေသော်လည်း ကျေးဇူးရှင် ငယ်ဆရာကို ဘယ်ခါမျှ မမေ့ပေ။
ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် ပရိနိဗ္ဗာန် ပြုတော်မူရန် မာရ်နတ်ကို ကတိပေးပြီးနောက် ၀ါကျွတ်၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံ ပရိနိဗ္ဗာန် ပြုခွင့်ပေးပါရန် လျှောက်ထားပြီး ရဟန်းတော်များအား နောက်ဆုံး ဟောကြားခြင်းအဖြစ် တန်ခိုးပြာဋိဟာပြ၍ တရားဟောတော်မူသည်၊ မြတ်စွာဘုရားရရှင်အား တရားဖြင့် နောက်ဆုံး ပူဇော်ခြင်းဖြင့် ရှိခိုးပူဇော်ပြီး ပရိသတ်ခြံရံကာ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွာတော်မူခဲ့သည်။
မထေရ်မြတ်သည် မိမိအပါအ၀င် ရဟန္တာ ၇-ပါး၏ မိခင်ဖြစ်သော်လည်း ယခုတိုင် မိစ္ဆာအယူရှိနေသေးသည့် မိခင်ကြီးကို ချေချွတ်ဖို့ရန် မိမိဇာတိ ဥပတိဿရွာခေါ် နာလကရွာ မွေးဖွားရာတိုက်ခန်းသို့ ကြွတော်မူသည်။ တိုက်ခန်းသို့ရောက်၍ မကြာမီမှာပင် သွေးသွန်ရောဂါ ပြင်းစွာခံစားတော်မူ၏။ မယ်တော် ရူပသာရီပုဏ္ဏေးမကြီးသည် တိုက်ခန်းတံခါးဝကိုမှီ၍ ညိုးငယ်စွာ ရပ်တည်နေခိုက် စတုမဟာရာဇ်နတ်မင်းကြီးလေးဦးတို့သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် မထေရ်မြတ်အား နောက်ဆုံးဖူးမြော်ပြုစုရန် ရောက်ရှိလာကြကုန်၏။ သူနာပြုရဟန်းတို့ရှိနေသဖြင့် မထေရ်က ပြန်လွှတ်တော်မူသည်။ ထို့နောက် သိကြားမင်းသည်လည်းကောင်း၊ ထို့နောက် ဗြဟ္မာမင်းကြီးတို့သည်လည်းကောင်း အသီးသီးပြုစုရန် လာရောက်ကြလေသည်။
နတ်ဗြဟ္မာတို့ လာကြ ပြန်ကြသည်ကိုမြင်၍ မယ်တော်ပုဏ္ဏေးမကြီးသည် အံ့အားသင့်ကာ “သားဖြစ်သူပင် ဤမျှတန်ခိုးကြီးသေးလျှင် သား၏ဆရာဘုရားရှင်မှာ မည်မျှတန်ခိုးကြီးလေမည်မသိ”ဟု လည်းစဉ်းစားလျက် သားဖြစ်သူအား မေးလျှောက်လေသည်။ မထေရ်မြတ်က ဤနတ်သိကြား ဗြဟ္မာတို့သည် ငါတို့ဆရာမြတ်စွာဘုရား၏ အရံစောင့် သပိတ်ထမ်း ထီးတော်မိုးကြသူများသာ ဖြစ်ကြောင်း ဘုရားရှင်၏ ဂုဏ်တော်ကို ထုတ်ဖော်ဟောပြလေရာ မယ်တော်ကြီးမှာ လွန်စွာအံသြကြည်နူးသွားလေသည်၊ သားမထေရ်၏ တန်ခိုးကြီးပုံ၊ မြတ်စွာဘုရား၏ ကျေးဇူးဂုဏ်တို့ကို အာရုံစိတ်မှန်းဖြင့် ၀မ်းမြောက်ကြည်ညိုနေချိန်တွင် မထေရ်မြတ်က ဗုဒ္ဓဂုဏ်ရည်တို့ကို ဆက်လက်ဟောပြသဖြင့် မယ်တော်ကြီး သောတာပန်ဖြစ်သွားသည်။
မယ်တော်ကြီးကို ချေချွတ်ပြီးနောက် သံဃာတော်တို့ကို စုဝေးကာ သြ၀ါဒပေးတော်မူပြီးလျှင် လက်ယာနံတောင်းဖြင့် လျောင်းတော်မူလျက် သမာပတ်ကိုးပါးကို ရင်ဖျားတုံ့လှည့် ၀င်စားတော်မူကာ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ညီတော် စုန္ဒသည် မထေရ်မြတ်၏ဓာတ်တော်များကို ရေစစ်တွင်ထည့်ကာ ဇေတ၀န်ကျောင်းတော်သို့ ပင့်ဆောင်သွားပြီး မြတ်စွာဘုရား လက်တော်သို့ ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးတို့ကို ဂါထာငါးရာဖြင့် ချီးကျူးတော်မူ၍ ဓာတ်တော်များကို ဋ္ဌာပနာကာ သာဝတ္ထိပြည်တွင် စေတီတော်တည်ထားစေတော်မူလေသည်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော် -
မာ မေ ကဒါစိ ပါပိစ္ဆော၊ ကုသီတော ဟီန၀ီရိယော။
အပ္ပဿုတော အနာဒရော၊ ကေန လောကသ္မိ ကိံ သိယာ။
ယုတ်မာသောအလိုရှိသော ပျင်းရိသော လုံ့လ၀ီရိယနည်းပါးသော အကြားအမြင်နည်းသော အဆုံးအမ သြ၀ါဒ၌ ရိုသေခြင်းကင်းသော ပုဂ္ဂိုလ်သည် ငါ၏အထံ၌ တရံတခါမျှ မရှိပါစေသတည်း၊ အကြောင်းကား လောက၌ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဆုံးမသြ၀ါဒပေးခြင်းဖြင့် အဘယ်သို့မျှ အကျိုးထူးလာနိုင်တော့မည် မဟုတ်သောကြောင့်တည်း။
ဗဟုဿုတော စ မေဓာဝီ၊ သီလေသု သုသမာဟိတော။
စေတောသမထမနုယုတ္တော၊ အပိ မုဒ္ဓနိ တိဋ္ဌတု။
အကြင်ပုဂ္ဂိုလ်သည် အကြားအမြင်များစွာရှိ၏၊ ပညာလည်းရှိ၏၊ စတုပါရိသုဒ္ဓိသီလတို့၌ ကောင်းစွာတည်၏၊ စိတ်ကိုကောင်းစွာထားခြင်းနှင့် စပ်ယှဉ်၏၊ ထိုသို့သောပုဂ္ဂိုလ်သည် ငါ၏ဦးထိပ်၌သောလည်း တည်ပါစေသတည်း။
ဂါမေ ၀ါ ယဒိ ၀ါ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၳ အရဟေႏၱာ ၀ိဟရႏၱိ၊ တံ ဘူမိ ရာမေဏယ်ကံ။

ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာအရှင်မြတ်တို့သည် သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့နေသော အရပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်  စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

  

အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာတွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့် တ၇ားအရရော စိတ်နေသဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှပါတယ်။
အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏား ကြီးနဲ့ ရူပသာရီပုဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။
ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြိုံပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စ၀ဂ္ဂီ အ၀င်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာတုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာအကြီးမားဆုံးမထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာရှိပါတယ်။ လူပြည့်မှာရှိတဲ့ အဘိဓမ္မာတရားတော်တွေဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ၀ါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘ၀လိုပဲ ဘ၀သံသရာမှာ ဘ၀ပေါင်း ၅၀၀ရာ တိတိ ရသေ့ရဟန်းပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအ၀င် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ “သမစိတ္တ သုတ္တန်”ဟောကြားတော်မူသောနေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင် ဖော်ပြထားပါ တယ်။
အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲဖြစ်တာ နဲ့အညီ သံဃအဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော်မူတတ်ပါတယ်။ ရဟန်းသံဃာအားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ် လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်းပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါတယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက်ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော်မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင် ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရား ဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။
သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေး ပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုးတန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်း ကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။
တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏမထေရ် ကိုတွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ၀ိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။ အရှင်ပုဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ် တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု၊ စိတ်နေသဘောထားကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ၀န်း နက်ရှိုင်းတော်မူလှပါတယ်။
တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ “အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ် ဘုရား”လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ “ဒီလောက်ဆို သင့်တော်ပါပြီလား”လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က”ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်”လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ၀ါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇ္ဈယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။
အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော်မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။
တစ်ချိန်က သာဝတ္ထိမြို့မှာ “ရာဓ”အမည်ရတဲ့ ပုဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတ၀န်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက “အသက်အရွယ်ကြီးပြီး ၀ိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့” စားစရာ၊ နေစရာနဲ့ ၀တ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက”ဘယ်သူဟာ ဒီရာဓပုဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ”လို့ မေးတော်မူပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က”တပည့်တော် ရာပုဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း”လျှောက်ထားတော်မူပါတယ်။ ရှင်တော်ဘုရားက “ဘယ်လိုကျေးဇူးပြုဖူးသလဲ”လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား” လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ “အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သ လဲ”လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏားကြီးကို ရဟန်းပြုပေး တော်မူပါတယ်။
ရဟန်းပြုပေးတော်မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြ၀ါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ “တစ်လုပ်စားဖူး သူ့ကျေးဇူး”ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သူတော်ကောင်းနှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။
သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မိမိကို လောကုတ္တရာအသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဥ့်မပြတ် သတိရတော်မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘ၀တာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ၀မ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။
သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်းနှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ်တောက်ပစေပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသ လို(အကယ်၍ ပေးအပ်ရိုးထုံးစံသာရှိမယ်ဆိုရင်)သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထ၀ီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိပ်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။
အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာမထေရ်မြတ် စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင်ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်ြ်မတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပကါတယ်။ မဟာပထ၀ီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။
ဒီလို ဂုဏ်သတင်းပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက်ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ”ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး” သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေ စွ” လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ၀ပ်စင်းပြီး” အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ”လို့ လျှောက်ထားပါတယ်။
မထေရ်မြတ်က “ဒါဟာ ဘာလဲ”လို့ မေးတော်မူတဲ့အခါ “တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား”လို့ ပုဏားက လျှောက်ထားပါတယ်။ “ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်”လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး “ဒီပုဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်”လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။
ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်ဟာ ပုဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့” ဒကာတို့ အဲဒါက ဘာသဘောလဲ”လို့ မေးမြန်းတဲ့အခါ “အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား”လို့ လျှောက်ထားကြတယ်။ “ဒကာတို့ ဒီပုဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထား တောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ”လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏားကိုလည်း အိမ်ပြန်စေကာ ကျောင်း တော်ကို ပြန်ကြွလာတော်မူပါတယ်။
သည်းခံခြင်းတရားနဲ့ သူတော်ကောင်းနှလုံးသားဆိုတာ ” ရေကန်နဲ့ကြာ” လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အ၀ါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ၀ါ ကျက်သရေဖြာ လှပလာရ ပါတယ်။
ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ပါတယ်။
သက်တော်(၈၀)၀ါတော်(၄၄)၀ါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ “ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ”ဖြစ်သလို”တရားဟင်းလေးအိုးကြီး”လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။
တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို “အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား”လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ” ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရ တော့မယ်”ဆိုပြီး ၀မ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထား တော်မူပါတယ်။
ပြီးမှ နိဂုံးချုပ်အနေနဲ့ “မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိပုတ္တရာကို နှစ်သက်ကြည်ညိုကျြမှာပါဘုရား”လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီး လေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲပပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီး ကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ)
၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု)
၎။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ)
၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ)
၆။မဟာဗုဒ္ဓ၀င်ကျမ်း(ဆဋ္ဌမတွဲ)
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
တော်ဝင်နွယ်
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

No comments:

Post a Comment