23.11.12

တောင်တွင်း မင်းကျောင်းဆရာတော်

တောင်တွင်း မင်းကျောင်းဆရာတော်၏ မွေးဖွားသက္ကရာဇ် စသည်တို့ကို အမှတ်အသား မတွေ့ရပေ။ သို့ရာတွင်
စာဆိုတော်များ အတ္ထုပ္ပတ္တိ၌ သက္ကရာဇ် ၁ဝ၈၆-ခုဖွားဟူ၍ မုံရွေးဆရာတော် မှတ်စုကို အကိုးပြု၍ ရေးသားထားသည်။
ထိုသက္ကရာဇ်သည် တောင်တွင်းမင်း ကျောင်းဆရာတော်၏ မွေးသက္ကရာဇ် မဟုတ်ပါ။ မုံရွေးဆရာတော် မှတ်စုတွင်
မှတ်သားထားသည် မှာ တောင်တွင်း ခင်ကြီးဖျော်၏ ဖွားသက္ကရာဇ်သာ ဖြစ်ပါသည်။ ထို့ကြောင့် ခင်ကြီးဖျော်နှင့်
မင်းကျောင်းဆရာတော်တို့၏ ဖွားသက္ကရာဇ်မှာ ရောထွေးနေခဲ့ပါသည်။

သိုဖြစ်လျှင် တောင်တွင်း မင်းကျောင်းဆရာတော်၏ ဖွားသက္ကရာဇ်ကို ခန့်မှန်းရပေဦး မည်။ ကဝိလက္ခဏဒီပနီကျမ်း၌
ဟံသာဝတီရောက်မင်းလက်ထက် တောင်တွင်း မင်းကျောင်း ဘုန်းကြီး ဟု တွေ့ရသဖြင့် ဆရာတော်သည် ၁ဝ၉၅-ခု
တွင် နန်းတက်သော ဟံသာဝတီရောက် မင်းတရားလက်ထက်၌ ဆရာတော်တစ်ပါးအဖြစ် ထင်ရှားနေပြီ ဖြစ်၏။
သက္ကရာဇ် ၁ဝ၈၆-ခုသာ ဖွားမြင်ခဲ့ပါလျှင် ဟံသာဝတီရောက်မင်း နန်းတက်ချိန်ဝယ် ကိုးနှစ်သား အရွယ်သာ ရှိပေဦး
မည်။ ထို့ကြောင့် ၁ဝ၆ဝ-ခုကို ခန့်မှန်းရခြင်း ဖြစ်ပေသည်။
 ဆရာတော်သည် တောင်တွင်းမြို့၏ အဓိပတိဖြစ်သူ မင်းလက်ယာက တောင်းပန် လျှောက်ထားသောကြောင့်
ကန်တော်မင်းကျောင်းမေတ္တာစာအဖြေကို ရေးသားတော်မူသည်။ ထို့ကြောင့် တောင်တွင်းဆရာတော်၏ အဖြေကျမ်း၌-
 သာယာကျယ်ဝင်း၊ စည်ပင်လင်းသား၊ တောင်တွင်းမြို့၏၊ အဓိပတိ၊ ဘုန်းရှိအထွတ်၊ မင်းမြတ်လက်ယာ၊
ဝန္ဒနာလျှင်၊ နောင်လာစဉ်လျား၊ အမျိုးသားတို့၊ စီးပွားစိမ့်ငှာ၊ စီရင်ပါဟု၊ မေတ္တာစိတ်သန်၊ တောင်းပန်သောအား၊
ထင်ရှားရှေးခါ၊ မဟာထေရ်ကျော်၊ ကန်တော်မင်း ကျောင်း၊ အလောင်းသူမြတ်၊ သူတော်ထွတ်လျှင်၊နေနတ်အမျိုး၊
သတိုးကျော်ထင်၊ ဘဝရှင် အား၊ လျှောက်ထားသေချာ၊ မေတ္တာစာ၏၊ ခဲစွာအံ့ဖွယ်၊ အဓိပ္ပာယ်ကို၊ အကျယ်သိသာ၊
ကျမ်းလာသောတိုင်း၊ နက်လှိုင်းအဖြေ၊ စီရင်ပေအံ့၊ဟူ၍ ရေးသားထားခဲ့သည်။
 ဤသည်မှာ ဆရာတော်၏ မေတ္တာစာအဖြေကျမ်း၌ လာသောအတိုင်း ဖြစ်၏။ ကဝိ လက္ခဏဒီပနီကျမ်း၌ကား-
 ဟံသာဝတီရောက်မင်း လက်ထက် တောင်တွင်းကြီးမြို့တွင် လက်ယာဝဍ္ဎနာ၊ ဇေယ နန္ဒရာဇာ နှစ်ဘွဲ့ရ
မြို့သူကြီး ငကြက်ဖြူက ဒုတိယမင်းခေါင်၏အရီးတော် စစ်ကိုင်းမြို့စား မင်းလှထွတ်ဆရာ ကန်တော်မင်းကျောင်းရွာသား
ကန်တော်မင်းကျောင်း မေတ္တာစာကို အဖြေ စီရင်မည့်အကြောင်းနှင့် တောင်းပန်၍တောင်တွင်းကြီးမြို့၊
မင်းကျောင်းဘုန်းကြီး ရေးသည့် ကန်တော်မင်းကျောင်း မေတ္တာစာအဖြေ၊ဟူ၍ ရေးသားထား၏။
 ဤ၌ လက်ယာဝဍ္ဎနာဆိုသည်မှာ ဆရာတော်၏ မေတ္တာစာအဖြေမှ မင်းမြတ်လက် ယာ၊ ဝန္ဒနာလျှင်၊ ဟူသော အဖွဲ့
က အရေးအကူး လွဲမှားလေသလောဟု ထင်မှတ်ဖွယ်ရာ ရှိပေသည်။ ဝန္ဒနာဟူသော ပုဒ်မှာ ဘွဲ့နာမည် မဟုတ်ဘဲ
ရှိခိုးခြင်း အဓိပ္ပာယ်ကို ယူ၍ ဖွဲ့ဆိုထား ခြင်း ဖြစ်ပေသည်။
 ဆရာတော်သည် တောင်တွင်းမြို့သူကြီး တောင်းပန်သောကြောင့်ပင် ဟိတသိဒ္ဓိကကျမ်း ကိုလည်း ရေးသားတော်
မူခဲ့သည်။ ထိုမှတစ်ပါး အခြားစာပေတို့ကို မတွေ့ရချေ။
ကိုးကား
ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်
ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
copy by အောင်အောင်(မကစ)

No comments:

Post a Comment